ကင်ဆာကြောက်သူတွေအတွက် အန္တရာယ်ကင်းတဲ့ အသားကင်နည်း
နှစ်သစ်ကူးကာလနီးလာပြီ ဆိုတော့ အကင်တွေကင်စားရင်း နှစ်သစ်ကိုကြိုမယ့် အစီအစဥ်တွေ ရှိနေကြပြီ ထင်ပါတယ်။အကင်ကတော့ လူတိုင်းမဟုတ်တောင် တော်တော်များများ ကြိုက်ကြတဲ့ အစားအစာ မဟုတ်လား။
ဒီလို အေးတဲ့ဆောင်းရာသီအချိန်တွေမှာ ညဘက် မိသားစုတွေ အကင်ကင်ရင်း မီးဖိုဘေးမှာ စုပြီးစကားလက်ဆုံကျရင်း စားရတာကလည်း ပျော်စရာတစ်မျိုးပါပဲ။
အကင်ကို ကြိုက်ကြပေမယ့် အကင်စားရတာကိုလည်း တော်တော်များများက ကြောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အကင်စားတာက ကင်ဆာဖြစ်နိုင်ခြေ များတယ်ဆိုတာ ကြားဖူးနေကြတာကိုး။
ဟုတ်ပါတယ်။ အပူချိန်များများနဲ့ အကင်ကင်ရာက ထွက်လာတဲ့
Heterocyclic amines (HCAs) လို့ခေါ်တဲ့ အမည်းရောင်ကာဗွန်အဖတ်တွေမှာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အကင်စားတာက ပြဿနာမရှိပေမယ့် မကြာခဏ (ဥပမာ…အပတ်စဥ် သို့ တစ်လနှစ်ကြိမ်လောက်) အကင်စားတတ်တဲ့ အကျင့်ရှိနေရင်တော့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။
ဒါကြောင့် American Institute for cancer research က ထုတ်ပြန်ထားတဲ့ cancer-safe grilling လို့ခေါ်တဲ့ ကင်ဆာလျှော့ချနိုင်မယ့် အကင်ကင်နည်းတွေကို ကြည့်ကြရအောင်နော်။
(1) အသီးအရွက်နဲ့ ငါးတွေပိုစားပါ
အမဲသား၊ ဆိတ်သားတို့လို အနီရောင်အသားတွေ၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့တို့လို ပြုပြင်ထားတဲ့ အစားအစာတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ အသီးအရွက်နဲ့ ငါးတွေကင်ရင်လည်း HCAs ထွက်ပေမယ့် အမဲသား၊ ကြက်သား၊ ဝက်သားတွေလောက် ကင်ချိန်မကြာတဲ့အတွက် HCAs ထွက်နှုန်း ပိုနည်းစေပါတယ်။
(2) မကင်ခင် အရသာနယ်ပြီး နှပ်ထားပါ
အကင်မကင်ခင် ဆီ၊ သကြားစတာတွေနဲ့ အနည်းဆုံး နာရီဝက်ခန့်နှပ်ထားတာက အရသာကို ပိုမိုကောင်းမွန်စေသလို ကင်မယ့်အသား၊ငါး၊ အသီးအရွက်တွေနဲ့ မီးအပူကြားမှာ အကာအကွယ်အလွှာတစ်ခုလို ဖြစ်စေပါလိမ့်မယ်။
(3) ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ
ဟင်းခတ်အမွှေးအကြိုင်တွေ၊ ငရုတ်သီးစိမ်းနဲ့ ငရုတ်ပွတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေက ကင်ဆာဖြစ်နိုင်ခြေကို တားဆီးပေးနိုင်လို့ ၄င်းတို့နဲ့ နယ်တာ၊ ဖြူးတာမျိုး လုပ်သင့်ပါတယ်။
(4) အသီးအရွက်တွေ များများကင်ပါ
အသီးအရွက်တွေကိုကင်ရင် HCAs မထွက်ပါဘူး။ အသားနဲ့ ငရုတ်ပွ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နာနတ်သီး စသည်တို့ကို သီတံမှာ တလှည့်စီသီထားပြီးကင်ရင် အသားနဲ့အပူထိတွေ့နှုန်းကို လျှော့ချနိုင်သလို အသီးအရွက်တွေမှာ antioxidants တွေပါတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။
(5) မကြာခဏလှည့်ပြီး ကင်ပါ
မျက်နှာပြင်အစုံကို လှည့်လှည့်ပြီးကင်တာက အရသာပိုကောင်းစေသလို HCAs ထွက်တာကိုလည်း လျော့နည်းစေပါတယ်။
(6) အချိန်အကြာကြီး မကင်ပါနဲ့
အချိန်အကြာကြီးကင်တဲ့အခါ HCAs တွေ ပိုထွက်စေမှာမို့ အသားတွေကျက်ရုံ အချိန်တစ်ခု သတ်မှတ်ပြီးသာ ကင်သင့်ပါတယ်။ အကျက်လွန်တာ၊ တူးတာတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။
(7) မီးခိုးတွေ မရှူမိဖို့ ဂရုစိုက်ပါ
အကင်ကင်ရာက ထွက်လာတဲ့ မီးခိုးတွေက အသက်ရှူလမ်းကြောင်းကင်ဆာနဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေလို့ အကာအကွယ် mask တပ်တာ၊ မီးဖိုးနားတောက်လျှောက်မနေဘဲ တစ်ယောက်တစ်လှည့်စီ ကင်တာမျိုးလုပ်ပါ။
(8) ကာဗွန်မှုန်တွေကို ဖယ်ရှားပါ
ပထမတစ်ကြိမ်ကင်ရာက ထွက်လာတဲ့ အမည်းရောင်ကာဗွန်မှုန်တွေကို နောက်တစ်ကြိမ်မကင်ခင် သေချာဖယ်ရှားတာမျိုး လုပ်သင့်ပါတယ်။
(9) ထင်းမီးနဲ့ကင်ရင် သစ်မာသားတွေ သုံးပါ
သစ်မာသားတွေက သစ်ပျော့သားတွေထက် အပူချိန်နည်းနည်းမှာ လောင်ကျွမ်းနိုင်ပြီး မီးခိုးထွက်နှုန်းလည်း နည်းပါတယ်။
(10) မီးတောက်ကို အရှိန်လျှော့ပါ
အသားတွေကင်တဲ့အခါ ထွက်လာတဲ့ဆီတွေကြောင့် မီးတောက်ဖြစ်တာမျိုးကိုလည်း လျော့ချဖို့လိုပါတယ်။ ကင်နေရင်း အသားတွေကို လှီးဖြတ်တာက ဆီတွေပိုထွက်လာစေနိုင်လို့ မလုပ်သင့်ပါဘူး။
မစားဘဲရှောင်နိုင်ရင်တော့ အကောင်းဆုံးပေမယ့် ကြိုက်လွန်းလို့ မနေနိုင်ဘဲ စားမယ်ဆိုရင်လည်း အထက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချလိုက်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်